Tuesday, December 18, 2012

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၃)


အတွေးကြောင့်ဆင်းရဲခြင်း

ထပ်၍ချဲ့ဦးအံ့။ စိတ်ဆင်းရဲမှုဟူသမျှတို့ကို စစ်ဆေးလိုက်သည်ရှိသော် လက်ငင်းကြုံတွေ့ရသော ဆင်းရဲမှု၊ အတိတ်ကို ပြန်တွေး၍ ခံစားရသော ဆင်းရဲမှု၊ အနာဂတ်အတွက် မှန်းမျှော်တွေးဆမိခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဆင်းရဲမှုဟူ၍ သုံးမျိုးသုံးစားရှိသည်ကို တွေ့ရပေလိမ့်မည်။ ဤသုံးခုအနက် လက်ငင်းကြုံတွေ့ရသော အခြင်းအရာကြောင့် စိတ်ဆင်းရဲမှုထက်၊ အတိတ်အဖြစ်အပျက်ကို ပြန်လည် ဖော်ထုတ်မိခြင်းကြောင့် စိတ်ဆင်းရဲမှုနှင့် အနာဂတ်အတွက် မှန်းဆတွေးခေါ်မိခြင်းကြောင့် စိတ်ဆင်းရဲမှု တို့က ကဲလွန်ပုံပေါက်ခြင်းကို တွေ့ကြရပေလိမ့်မည်။ အတိတ်နှင့် အနာဂတ် အဖို့တွင်လည်း အတိတ် အဖြစ်အပျက်ကို ပြန်လည်ဖော်ထုတ် စဉ်းစားမိခြင်းအတွက်ကြောင့် စိတ်ဆင်းရဲရခြင်းက ပိုမိုများပြားခြင်း ကို တွေ့ကြရပေလိမ့်မည် ။ (အတိတ်နှင့် အနာဂတ် တွေးလုံးများကြောင့် စိတ်ကြည်နူးခြင်း များလည်း ရှိသည်မှန်ပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ စိတ်ဆင်းရဲမှုမှ သက်သာရာရစေသောနည်းကို ဖော်ပြလိုခြင်းဖြစ်၍ ကြည်နူးမှုကို ချန်လှပ်ထားရပါသေးသည်။) လူသတ္တဝါ အများဆုံးကို အကဲလွန်ဆုံး စိတ်ဆင်းရဲမှု ဖြစ်စေသော အခြင်းအရာမှာ ၊ လွန်လေပြီးသော အတိတ်အဖြစ်အပျက်ကို ပြန်လည်ဖော် ထုတ် တွေးတောခြင်းပင်ဖြစ်လေသည်။

အကြိမ်ကြိမ်ဆင်းရဲရခြင်း

ဆောင်းပါးအစတွင်ဖော်ပြခဲ့သော ဥဒါဟရုဏ်၌ လူတစ်ယောက်ယောက်က မိမိအား ပုတ်ခတ်ကဲ့ရဲ့ခြင်း ခံရသည်ဆိုလျှင်၊ ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါသဖြစ်ကာ စိတ်ဆင်းရဲမှု ဖြစ်ရခြင်းကား ရှိပါစေတော့။ ပုထုဇဉ်ဟူသမျှအနက် မည်သူမဆို ထိုကဲ့သို့ ဖြစ်ကြရမည်ဆိုခြင်းကို မငြင်းလိုပါ။ ချက်ချင်း လက်ငင်း “ပူပူနွေးနွေး” အဖို့ရာ၌ ကဲ့ရဲ့မှု ပြင်းထန်လျှင် ပြင်းထန်သလောက် စိတ်ပေါက်မိခြင်းမှာ ပုထုဇဉ်တို့၏ ဓမ္မတာဖြစ်ပါ၏။ သို့ရာတွင် ထိုသူ၏ကဲ့ရဲ့ရှုတ်ချမှုသည် နောင်တစ်ခဏတွင် အတိတ်ဖြစ် သွားခဲ့ပြီ မဟုတ်ပါလော။ ကဲ့ရဲ့ရှုတ်ချသောသူက တစ်ကြိမ်တည်းမျှသာပြုလုပ်ခြင်းဖြစ်ပါလျက် ခံရသူအဖို့ ရာ၌ စဉ်းစားမိတိုင်း ရင်ထဲက ပူခနဲ နွေးခနဲဖြစ်ကာ ကြိမ်ဖန်များစွာ စိတ်ဆင်းရဲခြင်းဖြစ်ရသည် မဟုတ်ပါလော။ တစ်ကြိမ်မျှသော ပစ္စုပ္ပန်ဖြစ်ရပ် တစ်ခုအတွက် အကြိမ်ပေါင်းများစွာ စိတ်ဆင်းရဲမှု ဖြစ်ရသည်မဟုတ်ပါလော။ ဤအခြင်းအရာကိုထောက်ခြင်းအားဖြင် ပစ္စုပ္ပန် အခြင်းအရာထက် ၊ အတိတ်ကို ပြန်လည်ဖော်ထုတ် စဉ်းစားမိတတ်ခြင်းကြောင့် ခံစားရသော စိတ်ဆင်းရဲမှုသည် သာလွန်ကြီးကျယ်ခြင်းကား ထင်ရှားလောက်ပေပြီ။

ကြိုးစားလျှင်အောင်ရမည်

လွန်လေပြီးသော အတိတ်အဖြစ်အပျက်ကို တစ်ဖန်ပြန်၍ မစဉ်းစားဘဲ မနေနိုင်ခြင်းမှာ လူသတ္တဝါတို့၏ ဓမ္မတာဖြစ်သည် မှန်သော်လည်း၊ ထိုအတွက်ကြောင့် ခံရသော စိတ်ဆင်းရဲမှုမှလွတ်မြောက်ရေး အတွက်မှာ ဒိဋ္ဌေဒိဋ္ဌမတ္တံတည်းဟူသော ဗုဒ္ဓ၏ ကျင့်စဉ်သည် အကောင်းဆုံးသော ဆေးနည်းဖြစ်သည်ဟု ဆိုလိုပေသည်။ ၎င်းကျင့်စဉ်အရမှာ အတိတ်အဖြစ်အပျက် အနာဂတ်အဖြစ်အပျက်များအကြောင်းကို တွေးတောကြံဆခြင်းမပြုဘဲ အာရုံ ၆ ပါးတို့နှင့် ပတ်သက်၍ မြင်ကာ မတ္တ၊ ကြားကာ မတ္တ၊ နံကာ မတ္တ၊ စားကာ မတ္တ၊ ထိကာ မတ္တ စသည်ဖြင့် လက်ငင်းပစ္စပ္ပုန် အပေါ်၌သာ စိတ်ကို အကုန်အလေ့အကျင့်ပြုလုပ် ရခြင်းဖြစ်လေသည်။ တစ်ဘဝလုံး၊ တစ်သံသရာလုံးက အတိတ်နှင့် အနာဂတ် အခြင်းအရာများအကြောင်း ကိုသာ တစ်လျှောက်ကြီး တွေးတောကြံဆလာခဲ့ကြသော သတ္တဝါများ ဖြစ်သည်အလျောက်၊ လေ့ကျင့်ခါစ ၌ အခက်အခဲတွေ့ကြရမည် မှန်သော်လည်း ချက်ချင်းလက်ငင်းလည်း ပူပန်သောက ကင်းငြိမ်း၍ မဂ်ဖိုလ် နိဗ္ဗာန် သို့တိုင်အောင် ပေါက်ရောက်နိုင်သော ဗုဒ္ဓ၏ ကျင့်စဉ်လည်း ဖြစ်သောကြောင့် ၊ ရုတ်တရက် ချက်ချင်း မအောင်မြင်နိုင်သေးခြင်းအတွက် စိတ်ပျက်အားလျှော့ထိုက်သည် မဟုတ်ပါပေ။ အခြားလူများ အဖို့တော့ လွယ်ကူကောင်းလွယ်ကူပေလိမ့်မည်၊ ငါ့အဖို့တော့ ခဲယဉ်းလှသည်ဟူ၍ မထင်မှတ်ကြပါ လေနှင့်၊ အဖိုးထိုက်တန်သောရည်မှန်းချက်တစ်ခု ပြည့်စုံရေးအတွက် လေ့ကျင့်ရခြင်းဟူသမျှမှာ လောကီ၌ ဖြစ်စေ၊ လောကုတ္တရာ၌ ဖြစ်စေ၊ ဇွဲကောင်းကောင်း နှင့် တပင်တပန်း လေ့ကျင့်ယူရသည်ချည်း ဖြစ်ခြင်းကို သတိပြုကြစေလိုပါသည်။ အတိတ်နှင့် အနာဂတ် အခြင်းအရာများအကြောင်းကို မစဉ်းစားမူ၍ ပစ္စုပ္ပန် အပေါ်၌ စိတ်ကိုထားရသော အလုပ်မှာ ခဲယဉ်းသော်လည်း လက်ငင်း စိတ်ဆင်းရဲမှုမှ သက်သာရာရလို သော (ဝါ) စိတ်ငြိမ်းချမ်းမှုကို လိုလားသော ဆန္ဒပြင်းထန်သူတို့အဖို့မှာ ဇွဲကောင်းကောင်း နှင့် ကြိုးစားပါက မဖြစ်နိုင်သော အလုပ်တစ်ခုမဟုတ်ကြောင်း တာဝန်ခံရဲပါသည်။

လေ့ကျင့်တိုင်းတိုးတက်ရမည်


အစပထမ၌ သတိယှဉ်သောစိတ်မျိုးဖြစ်အောင် (ဝါ) စိတ်ကိုဖြစ်စေ၊ ရုပ်ကိုဖြစ်စေ၊ စောင့်ကြည့်တတ်သော အလေ့အကျင့်ဖြစ်လာအောင် မွေးမြူရခြင်းသည် တော်တော်ကလေး ခက်ခဲခြင်းကား မှန်ပါသည်။ သို့ရာတွင် ဤမျှ လောက်မက စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ အားထုတ်ကြရသော အခြားကျင့်စဉ်များမှ ယောဂီများကိုလည်း အားကျဖို့ကောင်းပါသည်။ ဤကျင့်စဉ်၏ ထူးခြားချက်တစ်ခုမှာ၊ တရားပေါက်သော အခါမှ အကျိုးထူးခံစားနိုင်သည် မဟုတ်ဘဲ၊ အားထုတ်ဆဲ အချိန်ကာလ အတောအတွင်း၌ပင် စိတ်၏ ငြိမ်းချမ်းမှု ရရှိနိုင်ခြင်းပင်ဖြစ်လေသည်။ ဥပမာ အတိတ်နှင့် အနာဂတ်တို့ အကြောင်းကို မစဉ်းစား စိတ်မကူးဘဲ မြင်ကာမတ္တ၊ ကြားကာမတ္တမျှလောက်ဖြင့်သာ ငါးမိနစ်၊ ဆယ်မိနစ် စသည်ဖြင့် အချိန်အပိုင်း အခြားနှင့် နေတတ်လာသည်ဆိုလျှင်ပင် တစ်မျိုးတစ်မည် သဘောပေါက်လာတတ်ပေသည်။ သဘောပေါက်ပုံကား ဟိုအကြောင်း သည်အကြောင်းများကို တွေးတောကြံစည်ရခြင်းသည် စိတ်မောလှသည်။ ထိုမျှမကသေး၊ နှလုံးမသာယာဖွယ်ဖြစ်သော အတိတ်ကအဖြစ်အပျက်များကို စဉ်းစား မိသောအခါ၌လည်း စိတ်ဆင်းရဲမှု ဖြစ်ရသေးသည်။ ကြံစည်စိတ်ကူးရခြင်းများထက်၊ မျက်စိကလေး အသာမှိတ်ပြီး နားထဲသို့ဝင်လာသောအသံများကို ကြားရသည်ဆိုရုံကလေးမျှ ကြားနေရသော အသံဖြစ် သည်။ ငြိမ်းချမ်းလှပါပေသည်တကား စသည်ဖြင့် သဘောကျလာပေလိမ့်မည်။ ထိုကဲ့သို့ သဘော ပေါက်သော အချိန်မှစ၍ ငါးမိနစ်၊ ဆယ်မိနစ်မျှသာမကဘဲ နာရီဝက်ခန့်မျှ နေနိုင်သည်အထိ တိုးတက်ခြင်းရှိလာသည်ကို တွေ့ရတတ်ပေသည်။

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်) 

ဆက်လက်ဖတ်ရှုရန်

Friday, December 14, 2012

The Quality Sleep


ဒီရက်ပိုင်းမှာ ရထားစီးဖြစ်တိုင်း ရထားနံရံပေါ်က မွေ့ရာကြော်ငြာတစ်ခုရဲ့ စာတမ်းက ကျွန်တော့်အာရုံကို ဖမ်းစားပါတယ်။ နာမည်ကြီးအားကစားမယ်လေးရဲ့ ဓါတ်ပုံနှင့် ဂျပန်လိုရေးထားတဲ့ စာသားတွေရဲ့ အပေါ်မှာ အင်္ဂလိပ်လို ထင်ထင်ရှားရှားရေးထားတဲ့ စာကြောင်းက "The Quality Sleep" တဲ့။ ဒီစာကြောင်းကို မြင်တော့ ကျွန်တော် အတွေးနယ်ချဲ့ မိတယ်။ မွေ့ယာကောင်းကောင်း၊ ခေါင်းအုံးကောင်းကောင်းပေါ်မှာ အိပ်လိုက်ရုံနှင့်တော့ လူတွေရဲ့  အိပ်စက်မှုဟာ အရည်အသွေးမြင့်သွားနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဆို ဘယ်လိုမျိုးအိပ်ရင် အရည်အသွေးရှိရှိ အိပ်စက်တယ်လို့ ပြောလို့ရနိုင်မလဲလို့  အဖြေတွေထုတ်ကြည့်မိတယ်။

ကျွန်တော်တို့ လူသားတွေအားလုံး နေ့တိုင်းလို အိပ်စက်ကြရပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ တိရစ္ဆာန်တွေလည်း သူတို့သက်တမ်းနှင့်လျော်ညီတဲ့ အိပ်ချိန်တွေနှင့် အိပ်နေကြပါတယ်။ လူတွေမှာတော့ ယေဘုယျအားဖြင့် ကလေးအရွယ်တွေမှာ တစ်နေ့တာရဲ့  နာရီတော်တော်များများကို အိပ်ချိန်အဖြစ်လိုအပ်ပြီး အသက်ကြီးလာတာနှင့်အမျှ အိပ်ချိန်က တဖြည်းဖြည်း လျော့သွားပါတယ်။ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် တချို့  (၈)နာရီ ဒါမှမဟုတ် (၆)နာရီလောက် အိပ်ရရင် အိပ်ရေးဝတတ်ကြပါတယ်။ တချို့ လည်း (၄)နာရီ (၅)နာရီလောက် အိပ်ပြီး တစ်နေကုန် နေနိုင်ကြတဲ့သူတွေလည်း ရှိနေတာပါဘဲ။ တကယ်ကတော့ အိပ်စက်ခြင်းဟာ လူသားတွေအတွက် အကုန်အကျအသက်သာဆုံး အပန်းဖြေစရာတစ်ခုလို့ပြောမယ်ဆိုလည်း မမှားနိုင်ပါဘူး။ 

“အိပ်၊ စား၊ ပျော်ပါး” ဒီသုံးပါးဟာ လူနှင့်တိရစ္ဆာန်တွေမှာ အားလုံး အတူတူလို့ ဆိုထားတော့ လူတွေ အိပ်တာနှင့် တိရစ္ဆာန်တွေအိပ်တာ ဘယ်လို ကွာခြားမှု ရှိနိုင်မလဲလို့ နှိုင်းယှဉ်စဉ်းစားချင်စရာ ကောင်းပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတတ်တဲ့ ခွေးလေး ကြောင်လေးတွေ၊ ငှက်လေးတွေ၊ ကြက်လေးတွေကို ကြည့်လိုက်ရင် သူတို့တွေ တစ်နေ့လုံး ကစားချင်ရင် ကစား၊ ဗိုက်ဆာတဲ့အချိန် အစာရှာ၊ စားစရာတွေ့ရင် စား၊ ဆန့်ကျင်ဘက် ရန်သူနှင့်တွေ့ရင် ရန်မူ၊ မျိုးပွားမယ့် ရာသီမျိုးမှာဆို တစ်နေကုန် အဲဒီကိစ္စတွေနှင့် အလုပ်တွေရှုပ်၊ နောက်ဆုံးဘာမှ လုပ်စရာမရှိရင် ထိုးအိပ်နေတတ်ကြပါတယ်။ မြွေလိုအကောင်မျိုးတွေဆို သူအစာစားပြီးလို့ ဗိုက်တင်းသွားတာနှင့် တခြားဘာမှကို မလုပ်တော့ဘဲ ခွေပြီးအိပ်ကြတော့တာပါဘဲ။ 

တချို့  လူတွေထဲမှာလည်း တစ်နေ့လုံးနီးပါး အိပ်နေတတ်ကြတဲ့ သူတွေကို သတိထားမိဖူးမယ်ထင်ပါတယ်။ တချို့ လည်း အသက်အရွယ် အိုးမင်းရင့်ရော်လာကြလို့ဘဲဖြစ်ဖြစ်၊ ရောဂါဝေဒနာတစ်ခုခုကြောင့်ဘဲဖြစ်ဖြစ် အိပ်ယာပေါ်မှာ မှိန်းပြီးနေကြရတဲ့အချိန်က တစ်နေ့တာမှာ ပိုများနေတတ်ပါတယ်။ တချို့ ကတော့ စိတ်ကျရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာချို့ ယွင်းမှုတစ်ခုခုဖြစ်နေတာကြောင့် တစ်နေကုန်အိပ်တတ်ကြပါသေးတယ်။ တချို့ လည်း သွားရင်းလာရင်း တခြားထွေထွေထူးထူးလုပ်စရာမရှိတဲ့အခါမှာ ရထားစီးရင်း၊ ကားစီးရင်း ရတဲ့အချိန်မှာ ရသလောက် အိပ်တတ်ကြတဲ့သူတွေလည်း ရှိပါတယ်။ 

တစ်နေကုန် တစ်နေခမ်း အလုပ်လုပ်ကြရတဲ့သူတွေကျတော့ အလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့ကြရလို့ ညဘက် အိမ်ပြန်ရောက်တာနှင့် အိပ်ဖို့ ကိုဘဲ သူတို့ ခေါင်းထဲရှိကြတော့တယ်။ ရေမိုးချိုး၊ ညစာကို မြန်မြန်သွက်သွက်စားပြီး တန်းအိပ်ကြတော့တာဘဲ။ တချို့  သောက်တတ်၊ စားတတ်တဲ့သူတွေကျပြန်တော့ ညဘက်မှာ သောက်ထား၊ စားထားတဲ့ အရှိန်လေးတွေနှင့် ယစ်ယစ်မူးမူး အိပ်ယာထဲ တန်းဝင် အိပ်တတ်ကြပြန်ပါတယ်။ တချို့  တီဗွီ၊ ဗွီဒီယိုဇာတ်လမ်းတွေကို နှစ်ခြိုက်စွဲလန်းကြတဲ့သူတွေ၊ စာအုပ်ဖတ်တာ စွဲတဲ့သူတွေ၊ အင်တာနက်စွဲတဲ့သူတွေ၊ ကာရာအိုကေသီချင်းဆိုတာ ၀ါသနာပါတဲ့သူတွေဆိုရင်လည်း နောက်ဆုံးအိပ်မပျော်ခင်အချိန်အထိ သူတို့စွဲလန်းတဲ့ အာရုံကို အပန်းဖြေတဲ့အနေနှင့် ခံစားရင်း အိပ်တတ်ကြပါတယ်။ တချို့ ကျတော့ ဒီနေ့တစ်နေ့စာ ကြုံဆုံခဲ့ရတာတွေထဲက စိတ်အလိုမကျဖြစ်ခဲ့ရတာတွေ၊ တစ်ဦးဦးအပေါ် မကျေမနပ်ဖြစ်ရတာတွေကို အိပ်ယာထဲရောက်တဲ့အထိ တနုံ့နုံ့ တွေးရင်း၊ စိတ်ဆိုးဒေါသဖြစ်ရင်း နောက်ဆုံး အိပ်ပျော်သွားတတ်ကြတယ်။ အလုပ်ကိုအလွန်အကျွံလုပ်တဲ့သူတွေ၊ ကျောင်းစာကို အလွန်အကျူးကြိုးစားသူတွေကလည်း နောက်ဆုံးအိပ်ပျော်သွားချိန်အထိကို သူတို့ အလုပ်တွေ၊ စာတွေနှင့် လုံးလည်ချာလည်လိုက်ရင်းက အိပ်ပျော်သွားတတ်ပါတယ်။ ကာမဂုဏ်ကိုလိုက်စားပျော်ပါးသူအချို့ ကျပြန်တော့လည်း မအိပ်ခင်လေးမှာ မိမိတို့ အဖော်နှင့် ကာမနှင့် စပ်နွှယ်တဲ့ အာရုံတွေမှာ နစ်မြောစီးဝင်ရင်း အိပ်စက်တတ်ကြပြန်ပါတယ်။ တချို့ လူတွေကျတော့ လွယ်လွယ်နှင့် အိပ်မပျော်တတ်ကြပြန်ဘူး။ သူတို့တွေကျတော့ အိပ်မပျော်ခင်အချိန်မှာ အိပ်ယာပေါ်လှဲနေရင်းက တောင်တောင်အီအီတွေ လျှောက်တွေးရင်း၊ စဉ်းစားရင်းနှင့် နောက်ဆုံး ခန္ဓာကိုယ် တအားပင်ပန်းလာတော့မှဘဲ အိပ်ပျော်သွားတတ်ကြတယ်။ 

အခုပြောခဲ့တဲ့ လူတွေရဲ့  အိပ်စက်ပုံတွေကို စိစစ်ကြည့်လိုက်ရင် စွဲလန်းမှုတွေ၊ ယစ်မူးမှုတွေ၊ လောဘတွေ၊ တဏှာရမ္မက်တွေ၊ ဒေါသတွေ၊ စိတ်ပျံ့ လွင့်မှုတွေ၊ မောဟတွေနှင့် ပြည့်နှက်နေရင်းကနေ အိပ်စက်လိုက်ကြတာမို့ သူတို့တွေ ဘယ်လောက်ကောင်းတဲ့ မွေ့ယာပေါ်မှာဘဲ အိပ်ကြပါစေ၊ သူတို့ရဲ့  အိပ်စက်ခြင်းဟာ အရည်အသွေးရှိရှိ အိပ်တာပါလို့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။ အားမနာတမ်းသာပြောရရင် တိရစ္ဆာန်တွေအိပ်တာမျိုးထက် ဘယ်လောက်များ ပိုသာနိုင်မှာတဲ့လဲ။

ကဲ... ဒီတော့ ကျွန်တော်တို့ အရည်အသွေးမြင့်မြင့် အိပ်တတ်ကြတဲ့သူတွေအကြောင်းကို ထပ်ပြီး လေ့လာကြည့်ကြပါအုံးစို့။

ဘာသာရေးစာပေတွေမှာ ဖတ်ကြည့်မိတော့ ပထမဆုံး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကျိန်းစက်တော်မူပုံကို တွေ့ရပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ညဥ့်သုံးယံမှာ အလယ်မဇ္ဈိမယံကို သုံးပုံပုံပြီး ပထမနှစ်နာရီမှာ ရောက်လာကြတဲ့ နတ်ဗြဟ္မာတွေကို တရားဟောတော်မူပါတယ်။ ဒုတိယနှစ်နာရီမှာတော့ ကျိန်းစက်တော်မူပါတယ်။ အဲဒီလို ကျိန်းစက်တော်မူတဲ့အခါမှာ ထမယ်ဆိုတဲ့ အမှတ်သညာကိုပြုပြီးတော့ စတုတ္ထဈာန် (သို့) ဖလသမာပတ်ကိုဝင်စားပြီး ကျိန်းစက်တော်မူပါတယ်တဲ့။ နှစ်နာရီကျိန်းပြီးတဲ့နောက်မှာတော့ ကျိန်းစက်နေရာကနေ ပြန်လည်ထတော်မူပြီး ကိုယ်လက်သုတ်သင်၊ စင်္ကြံလျှောက်၊ ဒီနေ့အတွက် လောကမှာ ဘယ်သူတွေကို ခြွေချွတ်ရမလဲလို့ ကြည့်တော်မူပါတယ်။ မြတ်စွာဘုရားဟာ တစ်နေ့တာလုံးမှာ နှစ်နာရီဘဲ ကျိန်းတော်မူပြီး ကျန်တဲ့အချိန်တွေကို လောကသားတွေအတွက် အသုံးချတော်မူခဲ့ပါတယ်။

အရှင်မဟာကဿပမထေရ်၊ စက္ခုပါလမထေရ် အစရှိတဲ့ နေသဇ္ဖိဓုတင်ကိုဆောင်ထားကြတဲ့ ကိုယ်တော်ကြီးတွေကတော့ ကျောခင်းပြီးအိပ်စက်တာကိုပယ်တော်မူကြပြီး ထိုင်လျက်သာ အသက်ထက်ဆုံး ကျိန်းစက်တော်မူခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာထင်ရှားတဲ့ ဝေဘူဆရာတော်ဘုရားကြီးတို့၊တောင်ပုလုဆရာတော်ဘုရားကြီးတို့လည်း နေသဇ္ဖိဓုတင်ဆောင်ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကိုရည်မှန်းပြီး ၀ီရိယထန်ထန်နှင့် အားထုတ်ကြိုးပမ်းနေနေကြတဲ့ ရဟန်းပုဂ္ဂိုလ်တွေနှင့် ယောဂီသူတော်စင်တွေဆိုရင်လည်း နေ့စဉ်အချိန်တိုင်းနီးပါး သတိပဋ္ဌာန်တရားကို အပတ်တကုတ်ပွားများ နေကြတာမို့ အိပ်ချိန်အင်မတန်မှကို နည်းပါးကြပါတယ်။ ဒီလို တစိုက်မတ်မတ်အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ဆရာသမားများက အိပ်တာနှင့်ပတ်သက်ြပီး သြ၀ါဒပေးဆုံးမတာတွေကလည်း စိတ်ဝင်စားဖို့ကောင်းသလို၊ လိုက်နာကျင့်သုံးဖွယ်ရာလည်းကောင်းပါတယ်။ 

တောင်ပုလုဆရာတော်ကြီးက ဆရာတော်ဦးဇောတိက စတင်တရားအားထုတ်စဉ် အချိန်တွေတုန်းက တရားတိုးတက်မှုနှင့်ပတ်သက်ပြီး မေးခဲ့တဲ့ မေးခွန်းက “အိပ်မက်ထဲမှာ တရားအားထုတ်ဖူးပြီလား” ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာတော်က ပထမတော့ အိပ်မက်ထဲအထိ ဘာဝနာမရောက်နိုင်ခဲ့သေးပေမယ့် နောင်တော့ အိပ်မက်ထဲမှာတောင် တရားအားထုတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ပဲခူးအောင်သုခဆရာတော်ကြီးကတော့ အရှိန်မပျက် ဆက်လက်အားထုတ်နေတဲ့ ယောဂီများကို အိပ်မပျော်မီအချိန်လေးမှာ မိမိသိထားပြီးသား တရား (သို့) သမာပတ်တစ်ခုခုကို အဓိဋ္ဌာန်ပြုဝင်စားပြီး အိပ်ကြဖို့ ညွှန်းကြားပါတယ်။ အိပ်တာဟာ အချိန်ပိုင်းသေလိုက်တာဘဲမို့ သေခါနီးနောက်ဆုံးအချိန်အတွက်လည်း နေ့ စဉ်ပြင်ဆင်ပြီးသားဖြစ်အောင် လေ့ကျင့်ခိုင်းတဲ့သဘောဖြစ်ပါတယ်။

တရားကို ဇောက်ချလုပ်နေတာမဟုတ်သေးတဲ့ ကျွန်တော်တို့လို ရိုးရိုးလူသာမန်တွေရော ဘယ်လိုနည်းတွေနှင့် အရည်အသွေးရှိရှိ အိပ်စက်နိုင်မလဲလို့ ကျွန်တော် စဉ်းစားမိသလောက် ချရေးကြည့်ပါမယ်။ စာဖတ်သူမိတ်ဆွေတွေကလည်း မိမိတို့သိထားတာလေးတွေ ကျွန်တော့်ကို ပြန်လည်ဝေငှပေးစေချင်ပါတယ်ခင်ဗျာ။

အလွယ်ကူဆုံးစလုပ်လို့ရတာကတော့ အိပ်ခါနီး ကိုယ်လက်သန့်စင်ပြီးတာနှင့် အချိန်လေးနည်းနည်းယူပြီး ဘုရားရှိခိုး၊ သီလယူ၊ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ပုတီးစိပ်၊ အမျှဝေ စသဖြင့် ကိုယ်တတ်နိုင်သလောက်လေး မအိပ်ခင် ကုသိုလ်ယူပြီးမှ အိပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဒီအတိုင်းကြီး လှဲအိပ်ပစ်လိုက်တာထက်စာရင် အရည်အသွေးတက်လာမှာ အမှန်ပါဘဲ။

ဒီနေရာမှ ဘုန်းဘုန်းရဝေနွယ်(အင်းမ) ပြောဖူးတာလေးကို အကြောင်းတိုက်ဆိုင်တုန်း မျှဝေပေးချင်ပါတယ်။ ဘုန်းဘုန်းက မင်းကွန်းဆရာတော်ကြီး အဆုံးအမဆိုပြီး ပြောပြတာပါ။ အိပ်ခါနီးသီလယူတဲ့အခါမှာ ရိုးရိုးငါးပါးသီလကို မယူပဲ ရှစ်ပါး၊ ကိုးပါးစတဲ့ ဥပုသ်သီလတစ်ခုခုကို ပြောင်းယူလိုက်ခြင်းဖြင့် အိပ်ပျော်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ ကိုယ်က ဥပုသ်စောင့်ပြီးသား ဖြစ်သွားသလို ကိုယ်ယူထားတဲ့သီလကလည်း ကျိုးပျက်စရာ အကြောင်းမရှိတဲ့အတွက် သီလလည်း စင်ကြယ်ပါတယ်တဲ့။ နောက်ပြီး နေ့စဉ်နေ့တိုင်းလည်း ဥပုသ်စောင့်ခွင့်ရသွားပါတယ်။ (အိမ်ထောင်သည်များကတော့ မိမိစောင့်ထိန်းနိုင်သလောက်သာ သင့်လျှော်သလို ဆောက်တည်ကြပါရန်။) အိပ်ခါနီးအချိန်လေးမှာ ငါဟာ ဥပုသ်သည်တစ်ယောက်ပါလား ဆိုတဲ့ ကြည်လင်ဝမ်းမြောက်တဲ့ စိတ်လေးနှင့် အိပ်လိုက်ရတော့ မိမိရဲ့ အိပ်စက်ခြင်းဟာ သာမန်အိပ်စက်ခြင်းထက် ပိုပြီး အရည်အသွေးမြင့်တက်သွားနိုင်ပါတယ်။

နောက်ထပ် ပိုပြီးအရည်အသွေးတက်အောင်ဆိုရင်တော့ ဘုရားရှိခိုး၊ သီလယူတာတွေ အားလုံးလုပ်ပြီးလို့ လှဲအိပ်လိုက်တဲ့အချိန်ကစပြီး အိပ်ပျော်သွားတဲ့အချိန်အထိ ဂုဏ်တော်တစ်ခုခုကို ပွားတာဖြစ်ဖြစ်၊ မေတ္တာပို့နေတာ ဖြစ်ဖြစ်လုပ်မယ်ဆိုရင်လည်း ဖြစ်တာပါဘဲ။ တရားအားထုတ်ဖူးတဲ့ အလေ့အကျင့်ရှိထားတဲ့သူတွေဆိုရင်တော့ အိပ်ခါနီး ဘုရားရှိခိုးတာ၊ သီလစောင့်တာ၊ စတာတွေလုပ်ပြီးရင် တကယ်လို့ အချိန်လည်းပေးနိုင်ဦးမယ်ဆိုရင် တရားကို မိနစ်ပိုင်းလောက်ဖြစ်ဖြစ် ထိုင်အားထုတ်ပြီးမှ အိပ်မယ်ဆိုရင် စိတ်ကြည်လင်အေးချမ်းပြီးတော့ အိပ်စက်ကြရမှာဖြစ်ပါတယ်။ ဒီထက်လုပ်နိုင်ရင်တော့ အိပ်ယာပေါ်လှဲနေရင်းက အိပ်မပျော်ခင်အထိ ဆက်ပြီး တရားအာရုံပြုနေလိုက်မယ်ဆိုရင်လည်း ဖြစ်တာပါဘဲ။ 

ဒီနေရာမှာ လှဲအိပ်ရင်းတရားမှတ်ဖို့အတွက် သင့်လျော်တဲ့ အားထုတ်နည်းတစ်ခုက Body Sweeping Meditation (Body Scan Meditation)  နည်းပါ။ တရားအားထုတ်တဲ့အလုပ်ကို မလုပ်ဖူးသေးတဲ့သူတွေအနေနှင့်လည်း စမ်းပြီးလုပ်ကြည့်ဖို့ရာ လွယ်ကူပါတယ်။ အားထုတ်နည်းကတော့ အိပ်ယာပေါ်မှာ လှဲအိပ်လိုက်ပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် ထားလိုက်ပါ။ အသက်ကို မှန်မှန်လေးဘဲ ရှူသွင်းရှူထုတ်လုပ်နေလိုက်ပါ။ ပြီးရင် ဦးခေါင်းငယ်ထိပ်ကို သိစိတ်ကလေးကိုပို့လိုက်ပါ။ ငယ်ထိပ်နေရာမှာ လောလောဆယ်ဖြစ်နေတဲ့ တင်းမှုတောင့်မှု၊ ပူမှုအေးမှု စတာ တစ်ခုခုနှင့် သိမ်သိမ်မွေ့မွေ့ တုန်ခါနေမှုမျိုးလေးတွေကို သတိထားမိလာပါလိမ့်မယ်။ အဲဒါလေးတွေထဲက ထင်ရှားတာတစ်ခုခုကို သိပြီးနေလိုက်ပါ။ အဲဒီငယ်ထိပ်နေရာကနေ ဦးခေါင်းရဲ့  အောက်ဘက်ပိုင်းဆီ သိစိတ်ကလေးကို တဖြည်းဖြည်းချင်း ပို့ပေးပါ။ စိတ်ကလေးရောက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ လတ်တလောဖြစ်ပေါ်ပြောင်းလဲနေတဲ့ ထင်ရှားတဲ့အခြေအနေတိုင်းကို သိသိပေးပါ။ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ဂုတ်၊ ပခုံး၊ လက်နှစ်ဘက်၊ ရင်ဘတ်၊ ၀မ်းဗိုက်၊ ကျော၊ ဆီးခုံ၊ တင်ပါး၊ ခြေထောက်တွေအထိ အဆင့်ဆင့်ဆင်းလာပြီး နောက်ဆုံး ခြေချောင်းလေးတွေဆီရောက်တဲ့အထိ စိတ်ကလေးနှင့် ကြည့်ပေးပါ။  ခေါင်းကနေ ခြေထောက်အထိရောက်ဖို့အတွက် အနည်းဆုံး (၁၅)မိနစ်လောက် အချိန်ကြာတတ်ပါတယ်။ ပိုအသေးစိတ်နိုင်လေ ပိုကြာလေပါဘဲ။ ဒါပေမယ့် အိပ်ပျော်ခါနီးမှာ ပြုလုပ်တာဖြစ်တဲ့အတွက် ခြေထောက်ရောက်တဲ့အထိကို ခံမှာ မဟုတ်ပါဘူး။  လမ်းတစ်ဝက်မှာတင် အိပ်ပျော်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရင်း အိပ်ပျော်သွားတဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်ပျော်သလို၊ နိုးလာတဲ့အခါမှာလည်း ခန္ဓာကိုယ်ရော၊ စိတ်ရော လန်းဆန်းနေတတ်ပါတယ်။ တကယ်လို့များ ခြေချောင်းတွေအထိရောက်ပြီး ဆုံးသွားတဲ့တိုင်အောင်မှ အိပ်မပျော်သေးဘူးဆိုရင် ငယ်ထိပ်ကနေ တစ်ခါပြန်စပြီး ခုနကအတိုင်း ခန္ဓာကိုယ်ကို အစကနေအဆုံး ပြန်ကြည့်ပေးရုံပါဘဲ။

အိပ်ခါနီး ပွားများဖို့သင့်လျှော်တဲ့ တခြားကမ္မဋ္ဌာန်းတွေကတော့ အသုဘကမ္မဋ္ဌာန်းနှင့် မရဏာနုဿတိကမ္မဋ္ဌာန်းတွေဘဲဖြစ်ပါတယ်။ တကယ်တော့ အိပ်တယ်ဆိုတာ နာရီပိုင်းသေတာမို့ ကိုယ့်ခန္ဓာကိုယ်ကို လူသေကောင်အဖြစ် နှလုံးသွင်းသဘောထားပြီး အသုဘဘာဝနာစီးဖြန်း အိပ်မယ်ဆိုလည်း ရတာပါဘဲ။ ဒီလိုမှမဟုတ်လည်း မိမိကိုယ်ကို ဒါငါသေရတော့မယ် နောက်ဆုံးအချိန်ပါလားလို့ နှလုံးသွင်းပြီး ငါအခုသေရင် ဘယ်လိုစိတ်မျိုးနှင့် သေမှာလဲဆိုတာကို ကိုယ့်ဖာသာဆင်ခြင်သတိပေးရင်း ကိုယ်ကျွမ်းကျင်ရာ နှစ်သက်ရာ ဘာဝနာတစ်ခုခုကို နှလုံးသွင်းအိပ်စက်မယ်ဆိုလည်း အိပ်စက်ခြင်းဟာ ပုံမှန်ထက်တော့ အရည်အသွေးမြင့်သွားမှာ အမှန်ပါဘဲ။

အဘိဓမ္မာထဲက စကားနှင့်ပြောမယ်ဆိုရင်တော့ အိပ်ပျော်နေတဲ့အချိန်ဟာ ဘ၀င်စိတ်တွေ ဖြစ်နေတဲ့အချိန်ပါ။ ဘ၀င်စိတ်ဆိုတာ ဘယ်အာရုံကိုမှ မယူ၊ မသိတဲ့ စိတ်တစ်မျိုးပါဘဲ။ တစ်နေ့တာမှာ အကြောင်းအားလျော်စွာ မြင်ကြားနံသိစတဲ့ အာရုံငါးပါးနှင့်ဆိုင်တဲ့ ၀ိညာဉ်အသိစိတ်တွေပေါ်လာတဲ့အခိုက်လေးတွေမှာ ဘ၀င်စိတ်က ခဏပြတ်သွားတတ်ပါတယ်။ ဒါတောင် အသိစိတ်တစ်ခုနှင့်တစ်ခုကြားမှာ ဘ၀င်စိတ်တွေက ခိုနေတတ်ပါသေးတယ်။ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ထိနမိဒ္ဓတွေ အားကြီးသွားတဲ့အခိုက်မှာ သိစိတ်တွေပြတ်ပြီး ဘ၀င်စိတ်တွေဆက်တိုက်ဖြစ်သွားတဲ့အချိန်ကိုဘဲ အိပ်တယ်လို့ခေါ်ရတာပါ။ တကယ်တော့ ဘ၀င်စိတ်ဖြစ်တဲ့အချိန်ဟာ သတိကင်းမဲ့တဲ့အချိန်ဘဲဖြစ်ပါတယ်။ သတိအားကောင်းလာတဲ့သူမှာ ဘ၀င်စိတ်ဖြစ်တဲ့အကြိမ်ရေက နည်းနည်းလာပါတယ်။ ဒါကြောင့်လည်း တရားနှလုံးသွင်းနေကြတဲ့ သူတော်ကောင်များ အိပ်ချိန်နည်းပါးသွားကြတာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့  လိုအပ်ချက်အတွက်သာ မဖြစ်မနေအိပ်လိုက်ကြရပေမယ့် ပြန်ထမယ်ဆိုတဲ့ အမှတ်သညာကို စိတ်ကညွှတ်ထားတဲ့အတွက် အချိန်တိုအတွင်းမှာ အိပ်နေရာကနေ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနှင့်  ပြန်လည်နိုးထလာတတ်ကြတာ ဖြစ်ပါတယ်။ 

အခုပြောသွားတာတွေကနေ ကျွန်တော်တို့တွေ ကိုယ့်ဖာသာ ပြန်လည် စိစစ်ပြီး အဖြေထုတ်ကြည့်နိုင်လောက်မယ် ထင်ပါတယ်။ ငါတို့တွေ နေ့စဉ်နေ့တိုင်း အိပ်နေကြတာ အရည်အသွေးမီအိပ်စက်ခြင်းမှ ဟုတ်ပါရဲ့ လားဆိုတာ။ ဒီအဖြေကို ကိုယ်ကိုယ်တိုင်ဘဲ ပြန်ဖြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မြတ်စွာဘုရားရှင်နှင့် သူတော်ကောင်းတွေ အိပ်စက်ကြပုံကို အတုယူအားကျပြီး ကျွန်တော်တို့လည်း တတ်နိုင်သလောက် အရည်အသွေးမီအိပ်နိုင်အောင် ကြိုးစားကြည့်ကြရအောင်လားဗျာ။

ကဲ...စာဖတ်နေကြတဲ့ မိတ်ဆွေတွေအားလုံး  Quality Sleep နှင့် နေ့စဉ် အိပ်စက်နိုင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၁၄၊ ၁၂၊ ၂၀၁၂။ 


ဆက်လက်ဖတ်ရှုရန်

Wednesday, December 5, 2012

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၂)


ရဲရဲကြီးထောက်ခံသော ကျင့်စဉ်

ဤဘဝအတွင်း၌ ဒိဋ္ဌလက်ငင်း ပူလောင်ခြင်းမှ သက်သာရာရခြင်း ဟူသည်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို ရည်ရွယ်ခြင်း မဟုတ်သေးဘဲ၊ အားထုတ်ဆဲ အခိုက်အတန့်၌ပင် စိတ်နှလုံးပူပန်ဆင်းရဲခြင်းမှ အထိုက်အလျှောက် သက်သာရာရစေနိုင်ခြင်းကို ဆိုလိုပေသည်။ လက်ငင်းချက်ချင်း သက်သာရာရစေဖို့ အားထုတ်ကြရာတွင်လည်း ဂေါတမဗုဒ္ဓသည် နည်းအမျိုးမျိုး ညွှန်ပြတော်မူခဲ့ပေရာ၊ (ကျွန်ုပ်အဖို့ရာ၌ ကိုယ်တိုင် အထိုက်အလျောက်ခံစားရ၍) လက်တွေ့အနေဖြင့် ကျေနပ်ဖွယ် အကောင်းဆုံးသော ကျင့်စဉ် တစ်ခုအနေဖြင့် မဆိုင်းမတွ ထောက်ခံရဲသည်မှာ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” တည်းဟူသော ကျင့်စဉ်ပင်ဖြစ်လေသည်။

အလေ့အကျင့်ပြုလုပ်ဖို့လိုခြင်း

အထက်တွင်ဖော်ပြခဲ့သော ပန်းချီဆရာ ဥပမာ၊ ကလေးဆိုးဥပမာတို့မှာ စာထဲက တွေ့ရသော ဥပမာများ မဟုတ်၊ ကျွန်ုပ်ကိုယ်တိုင် ၎င်းကျင့်စဉ်အရ အားထုတ်ခဲ့သဖြင့် တွေ့ရသော စိတ်သဘာဝကို ပေါ်လွင်အောင် ဥပမာဆောင်ခြင်းမျှသာဖြစ်လေသည်။ ဤစာကို ဖတ်ရသောသူက “ကောင်းပါပြီ၊ ပန်းချီဆရာဥပမာကို သဘောကျ၍ ကလေးဆိုး ဥပမာကိုလည်း ကျေနပ်ပါသည်။ သို့သော် မိမိအား ပုတ်ခတ်ကဲ့ရဲ့ခြင်း ခံရမှုကို တစ်ဖန်ပြန်၍ မစဉ်းစားဘဲလည်း မနေနိုင်ပါ။ စိတ်ဆင်းရဲမည်ကိုလည်း စိုးရိမ်မြဲတိုင်း စိုးရိမ်၍ ဥပေက္ခာပြုထားရန် မတတ်နိုင်ပါ။ ထိုကဲ့သို့ မဖြစ်အောင် ဘယ်နည်းနှင့် ပြုလုပ်ရပါမည်နည်း” ဟုမေးငြားအံ့။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအားဖြင့် အလေ့အကျင့် ပြုလုပ်ပါ” ဟူ၍ ဖြေဆိုရပေမည်။

ဆင်းရဲခြင်းနှစ်မျိုး

ချဲ့ဦးအံ့။ သတ္တဝါတို့အဖို့၌ ကိုယ်၏ဆင်းရဲခြင်း ၊ စိတ်၏ဆင်းရဲခြင်းဟူ၍ ဒုက္ခနှစ်မျိုးရှိပေရာ၊ ကိုယ်၏ ဆင်းရဲခြင်းဟူသည်မှာ ရံဖန်ရံခါမျှသာ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၍ စိတ်ဆင်းရဲမှုသည်သာလျှင် (မနေတတ်သူများအဖို့၌) မကြာခဏ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၏။ ပင်ပန်းကြီးစွာနှင့် အလုပ်ကြမ်း လုပ်ကြရသူများမှတစ်ပါး၊ ကိုယ်ဆင်းရဲမှုဟူသည်မှာ ဆာလောင်မွတ်သိပ်ခြင်း၊ အလွန်အမင်း ချမ်းအေးခြင်း ၊ အလွန်အကျွံ ပူအိုက်ခြင်း၊ နာဖျားမကျန်းဖြစ်ရခြင်း အစရှိသော အခိုက်အတန့်များ၌သာ ကြုံတွေ့ရ တတ်ပေသည်။ ကိုယ်ဆင်းရဲမှုဟူသည်မှာ ပရံပရ အကုသိုလ်ကံအလျောက် ကြုံတွေ့ရခြင်းဖြစ်၍ ဘုရားရဟန္တာများသော်မှ ရှောင်ကွင်းရန် မတတ်နိုင်ဘဲ ကျိတ်၍ခံကြရသော ဒုက္ခမျိုးဖြစ်ချေသည်။

လက်ငင်းသက်သာရာရသောနည်း

ကိုယ်ဆင်းရဲမှုထက် အခံရခက်၍ လူသတ္တဝါတိုင်းက ကြောက်လှပါသည်ဟု ဝန်ခံကြရသော ဒုက္ခမျိုးမှာ စိတ်ဆင်းရဲခြင်းပင်ဖြစ်၏။ မည်မျှလောက် ကျန်းမာသောသူ၊ ကြွယ်ဝသောသူ၊ တန်ခိုးကြီးသောလူ၊ အာဏာ လက်ကိုင်ရသောသူ၊ ထင်ပေါ်ကျော်စောသောလူပင် ဖြစ်လင့်ကစား (စိတ်ထားမတတ်လျှင် မတတ်သလောက်) စိတ်ဆင်းရဲမှုနှင့် ကြုံတွေ့ကြရမည်ချည်းဖြစ်၏။ အာသဝေါ ကုန်ခန်းပြီးသော ဘုရားရဟန္တာများသည်သာလျှင် စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့မှ လုံးဝကင်းလွတ်သည်ဟု စာဆိုရှိ၏။ သို့ရာ တွင် ဘုရားရဟန္တာများကဲ့သို့ လုံးဝကင်းလွတ်မှုမျိုးမဟုတ်သေးစေကာမူ၊ အထိုက်အလျောက် သက်သာခွင့် ရစေနိုင်သောနည်းမှာ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” တည်းဟူသော ကျင့်စဉ်ပင်ဖြစ်ပေသည်။ 

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)



ဆက်လက်ဖတ်ရှုရန်

Monday, December 3, 2012

OBLIVION (Harmony Of Head And Heart By Moe Hein)






You think you see me
but you don't really.

At the time
when you don't see me
you do really,
all good and bad in true perspective.

It's like viewing a mountain
at close range and afar.
Differing in dimensions.

Perhaps, our heads couldn't meet
and our hearts didn't reach.
Anyhow, nothing can be done now
as we are to part.

But memories will blip on the head's screen
and feelings will beat on the heart's drum.

Don't be moved as they are
but shadows of the past.
They'll fade away into oblivion
from life's horizon, which itself
is a mirage, yes, a mirage. 

(From Poems On Life)



ဆက်လက်ဖတ်ရှုရန်

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၁)


မောင်မောင်ခေါ်လေထီးရိုးရှည်

စိတ်သဘာဝ နှင့် ပတ်သက်၍ တင်ပြလိုသော အချက်တစ်ခု ရှိသေး၏။ များစွာသော သူတို့က “ကိုယ်ဆင်းရဲချင် ဆင်းရဲပါစေ၊ စိတ်တော့ဖြင့် မဆင်းရဲစေချင်ဘူး၊ စိတ်ဆင်းရဲမှာ တစ်ခုတော့ ကြောက်တယ်” ဟု ပြောတတ်ကြလေသည်။ ဟုတ်လည်း ဟုတ်ပေသည်။ ကိုယ်ဆင်းရဲရခြင်းထက် စိတ်ဆင်းရဲရခြင်း က ပို၍ အခံရခက်ပေသည်။ သို့ရာတွင် စိတ်ဆင်းရဲအောင် ပြုလုပ်သော“လက်သည်” ကို ပမာဆောင်၍ ဖော်ပြပါဦးမည်။ 

စိတ်သည် နွဲ့ဆိုးဆိုးတတ်သော ကလေးနှင့်တူ၏။ ကလေးသူငယ်များအား မိဘလုပ်သူများက ယုယပိုက်ထွေး ပြုလုပ်ကာ၊ အလိုလိုက်လွန်းအားကြီးလျှင် ပျက်စီးတတ်သည်။ (Spoilt child) ဆိုခြင်းမှာ အရှေ့တိုင်းသားများရော၊ အနောက်တိုင်းသားများပါ နားလည်ကြသော အခြင်းအရာ တစ်ခုဖြစ်၏။ အလိုလိုက်လွန်းသဖြင့် ပျက်စီးသော သူငယ်တစ်ယောက်သည် တစ်ခုပြီးတစ်ခု တောင်းတတ်၍၊ မရလျှင် နားပူနားဆာ လုပ်တတ်၏။ အချို့လည်း မြေကြီးပေါ်သို့ ပစ်လှဲကာ လူးလှိမ့် ပူဆာတတ်၏။ မိဘများက အလိုလိုက်လေလေ ပူဆာတတ်လေလေ ဖြစ်လာ၏။ ကလေးသူငယ်များ ပြုလုပ်တတ်ကြသော အပြုအမူတစ်ခုကို ဖော်ပြရသော်၊ ကလေးတစ်ယောက်ချော်လဲသည့်အခါ အနီးအနား၌ မည်သူများရှိနေသနည်းဟု လှမ်းကြည့်တတ်၏။ ထူပေးမည့် မိဘအစရှိသော လူကြီးများကို မြင်သည့်အခါ သူ့ဟာသူ မထတော့ဘဲ ထူပေးမည်ကို စောင့်နေတတ်၏။ လူကြီးမိဘများက ပျာပျာ သလဲထလာပြီး ပွေ့ထူကာ “လူကလေး ဘယ်နာသွားသလဲ” ဟု ယုယုယယ မေးမိလျှင် ရုတ်တရက် မထတော့ဘဲ ကြမ်းပေါ်၌ လူးလှိမ့်ကာ ငိုကြွေးလိုက်သေး၏။ တစ်ခါတစ်ရံတွင် ကြမ်းပေါ်၌ လဲပြီးနောက် တောင်ကြည့်မြောက်ကြည့် ကြည့်၍ အနီးအနား၌ လူကြီးတစ်ယောက်မျှ မတွေ့မြင်ရသည့်အခါ ၊ သူ့ဘာသာထ၍ သွားခြင်းကိုလည်း တွေ့မြင်ဖူးကြပေလိမ့်မည်။ 

စိတ်သည်လည်း ဤနည်းနှင်နှင် ပြုမူတတ်သော သဘာဝရှိ၏။ ငါ့စိတ်ကလေး မဆင်းရဲစေရအောင်ဆို၍ သူ့အလိုလိုက်ပြီး ယုယုယယ လုပ်မိလျှင် “မောင်မောင်ခေါ်လေ...ထီးရိုးရှည်” ဟူသော စကားကဲ့သို့ ဟိုဟာလိုချင်၊ သည်ဟာလိုချင် ဖြစ်လာ၍၊ မရလျှင် ကောက်ချင်၊ ကွေးချင်၊ အော်ချင် ငိုချင်ဖြစ်လာ၏။ သူ့ကို သိမ်းပိုက်မိလျှင် အထက်ပါ ကလေးသူငယ်ကဲ့သို့ နွဲ့ဆိုးဆိုးလာတော့၏။ “မင်းဟာမင်း ဆင်းရဲချင် ဆင်းရဲစမ်းကွာ” ဟု သဘောထားကာ ပစ်ထားနိုင်ပါမူကား၊ ထင်သလောက် မဆင်းရဲတော့ဘဲ သူ့ဟာသူ အလိုက်သင့်နေတတ်ခြင်းကို တွေ့ရပေလိမ့်မည်။ နက်နဲသော စိတ်သဘာဝအကြောင်းကို သဘောမပေါက်သေးလျှင် ရှိစေဦး၊ ဤအခြင်းအရာမျှလောက်ကို သဘောပေါက်သည်ဆိုလျှင်ပင် အတော်ကြီး သက်သာရာရခြင်းကို တွေ့ရပေလိမ့်မည်။ ဤအခြင်းအရာကို ထောက်ခြင်းအားဖြင့် စိတ်ဆင်းရဲဖို့ ကြောက်တတ်သည်ဆိုကာ ယုယုယယလုပ်မိခြင်းသည်ပင်လျှင် အမှားကြီးတစ်ခုဖြစ်ကြောင်း ထင်ရှားလောက်ပေပြီ။

အကျိုးမများသော မေးခွန်းများ

ဤခေတ်လူငယ်များက “သံသရာဆိုတာ ရှိပါသလား” ၊ “အတိတ်ဘဝ အနာဂတ်ဘဝရှိပါသလား” ၊ “သံသရာအစဟာ ဘယ်လိုပါလဲ”၊ “နိဗ္ဗာန်ဆိုတာ ဘယ်လိုနေပါသလဲ” ၊ “ဘာမှ မရှိဘူးဆိုတာ ဟုတ်ပါသလား” ၊ “ဘာမှမရှိလျှင် ဘယ်နှယ်လုပ်ပြီး လိုချင်နိုင်မှာလဲ” အစရှိသော မေးခွန်းမျိုးတို့ကို ကျွန်ုပ်အား ကြိမ်ဖန်များစွာ မေးတတ်ကြလေသည်။ ထိုကဲ့သို့ မေးတတ်သော လူငယ်များအား ကျွန်ုပ်က ပြန်ဖြေရသည်မှာ သံသရာအစကို သိရခြင်းအားဖြင့် မောင်တို့၌ ဘယ်လိုအကျိုးရှိပါမည်နည်း။ အတိတ်ဘဝ ရှိမရှိ ၊ အနာဂတ်ဘဝ ရှိမရှိ အကြောင်းကို ကျွန်ုပ်ဖြေရလျှင် ၊ မောင်တို့လည်း ယုံချင်မှယုံကြည်မည်။ ကျွန်ုပ်လည်း သက်သေသာဓက မထူနိုင်။ (ဤ အကြောင်းကို ရှုမ၀မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့ဖူးလေပြီ။) နိဗ္ဗာန် ရှိမရှိ ၊ နိဗ္ဗာန်၌ အဘယ်အရာမျိုး ရှိ မရှိအကြောင်းကို ပြောပြလျှင်လည်း မောင်တို့နားလည်မည် မဟုတ်သောကြောင့် အကျိုးရှိမည် မဟုတ်ကြောင်း၊ ထို့ကြောင့် နားလည်းမလည်၊ အကျိုးလည်း ရှိနိုင်မည်မဟုတ်သော အကြောင်းအရာများကို ဖယ်ထား၍ ၊ နားလည်ပြီး အကျိုးရှိနိုင်သော အကြောင်းအရာများကို လေ့လာသင့်ကြောင်း၊ အကျိုးရှိသော အကြောင်းအရာများကို လေ့လာ၍ သဘောပေါက်နားလည်လာသောအချိန်တွင် မောင်တို့မေးသမျှသော အထက်ပါမေးခွန်းများသည် အလိုအလျောက် ပြေလည်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ပြန်ပြောကာ ဗုဒ္ဓတရားတော်၏ သန္ဒိဋ္ဌိက ဂုဏ်အကြောင်းကို ရှင်းလင်းဟောပြရလေသည်။

လက်ငင်းငြိမ်းချမ်းမှုရသောတရား

ကျွန်ုပ်တို့ မြန်မာပြည် ဗုဒ္ဓဘာသာလောက၌ ချွတ်ယွင်းချက်ကြီးတစ်ခု တွေ့ရှိရသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ “ပန်းတုံးတိုင်” ဖြစ်သော နိဗ္ဗာန်အကြောင်းကို ဟောပြောကြရာတွင် ၊ ၃၁ ဘုံ၌ ကျင်လည်ရခြင်းသည် ဝဋ်ဆင်းရဲကြီးတစ်ခုဖြစ်၍၊ ဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်အောင် ကြိုးစားအားထုတ်ထိုက်ကြောင်းများနှင့်သာ ဟောပြောလေ့ရှိကြခြင်းပင် ဖြစ်လေသည်။ လူချမ်းသာ တစ်ယောက်ဖြစ်ရခြင်းကို ဝဋ်ဆင်းရဲကြီးအနေဖြင့် မြင်တတ်ဖို့ ခဲယှဉ်းလှသော ပုထုဇဉ်ပုဂ္ဂိုလ်များအဖို့မှာ ဝဋ်ဆင်းရဲမှ ကျွတ်လွတ်ခြင်းဟူသည် အဓိပ္ပာယ်မရှိသကဲ့သို့ဖြစ်၍၊ ဘာမျှမရှိသော နိဗ္ဗာန်ဆိုသည်မျိုးကိုလည်း မလိုချင်တတ်ဘဲ ရှိတတ်လေတော့သည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ နားလည်ထိုက်ကြသည်မှာ၊ သေသောအခါမှ နိဗ္ဗာန်သို့ရောက်၍ နိဗ္ဗာန်ချမ်းသာနှင့် တွေ့ရခြင်းကို အပထား၍ ဗုဒ္ဓတရားတော်၏ သန္ဒိဋ္ဌိက ဂုဏ်သတင်းအကြောင်းကို အလေးပေးကာ နှလုံးသွင်းသင့်ကြပေသည်။ သံဒိဋ္ဌိကဂုဏ်ဟူသည်မှာ နောင်တမလွန်ကျမှ အကျိုးခံစားရခြင်းမျိုးမဟုတ်။ ဤဘဝအတွင်း၌ လက်ငင်းချက်ချင်း အပူငြိမ်းသော တရား၊ စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့မှ လွတ်ကင်းချမ်းသာ သက်သာရာရ၍ စိတ်ငြိမ်းချမ်းသော တရားဟူ၍ ဆိုလိုပေသည်။ နောင်ဘဝမှ လူ့စည်းစိမ် နတ်စည်းစိမ် စသည်တို့ကို မျှော်မှန်းကာ ဒါန အစရှိသည့် ကုသိုလ်ကောင်းမှုမျိုးကိုပင် ပြုတတ်ကြသော မြန်မာလူမျိုးတို့သည်၊ ဒိဋ္ဌလက်ငင်း ပူလောင်ခြင်းမှ သက်သာရာရသော တရားမျိုးဖြစ်သည်ဟု မုချဆတ်ဆတ် ယုံကြည်တတ်ကြပါလျှင် လိုချင်စကောင်းသည်ဟု နားလည်ကြဖို့ မျှော်လင့်ထိုက်ပေသည်။
 
(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)  

ဆက်လက်ဖတ်ရှုရန်

Thursday, November 29, 2012

TIME (Harmony Of Head And Heart By Moe Hein)



A thing
never moving backward
but forward
to an endless journey.

A thing
giving birth and grooming all
for existence.

And the very thing
crushing all, second by second,
out of existence.

This doer - undoer
leaves behind a past as vestiges.
Builds the present
which is nothing but a mirage.
And shapes the future
which is anything but certainty

Is time
seemingly eternal yet ever fleeting
a magic of life?

(From Poems On Life)


ဆက်လက်ဖတ်ရှုရန်

Wednesday, November 28, 2012

The Choice (Harmony Of Head And Heart By Moe Hein)



Happiness of the --
     shall we say  -- outward life.
 Having what you desire,
     living as you wish.
Wealth, fame and power
     wit, strength or beauty,
All at your pleasure
     and you basking in glory.

Happiness of the --
     shall we say -- inward life.
Where contentment is wealth
     and love is beauty.
Where wisdom is power
     and tolerance is strength.
All that you nurture
     to live in harmony.

Between happiness of the two,
     material and spiritual.
If asked to choose
     which
would you rather lose?

(From Poems On Life)


ဆက်လက်ဖတ်ရှုရန်